Feature Articles

Your Morning Ritual

စိမ်းရဲ့တစ်နေ့တာလုံးရဲ့ Energy အတွက် မနက်ပိုင်းမှာ ဘာတွေနေ့စဉ်လုပ်လေ့ရှိလဲဆိုတာကို ဒီနေ့ share လုပ်ချင်ပါတယ်။

အဲ့ဒါကို Morning Ritual လို့ခေါ်ပါတယ်။ Ritual ဆိုတာ နေ့စဉ်လုပ်နေကြအလုပ်တွေကို ပုံမှန်ပဲပြီးသွားအောင်လုပ်တာမဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခု အဓိပ္ပါယ်တစ်ခုနဲ့ ပုံမှန်လုပ်ကြတာမျိုးဖြစ်ပါတယ်။
ဥပမာ တစ်နေ့လုံးအတွက် Energy ကောင်းနေဖို့၊ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ရဖို့၊ စိတ်အေးချမ်းနေဖို့ ၊ ပျော်နေဖို့ ၊ ယုံကြည်မှုရှိနေဖို့ ၊ တစ်နေ့တာလုပ်တာတွေအဆင်ပြေဖို့၊ ကိုယ့်ဘဝမှာပြောင်းလဲချင်တာကိုပြောင်းလဲနိုင်ဖို့ စတာတွေကိုရည်ရွယ်ပြီး မနက်ပိုင်းပုံမှန်လုပ်တာမျိုးတွေဖြစ်ပါတယ်။

Morning ritual မှာ ဘာတွေလုပ်လေ့ရှိလဲဆို တရားထိုင်တာ၊ အရွက်စိမ်းရည်တို့ smoothie တို့သောက်တာ၊ ယောဂလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ affirmation တွေရွတ်တာ၊ ကျေးဇူးတင်တာ( gratitude)၊ ကိုယ်ဖြစ်ချင်တာတွေကို ချရေးတာ၊ တစ်နေ့တာအတွက်အရေးကြီးတဲ့ အလုပ်တွေ list လုပ်တာ၊ ခံစားချက်ကောင်းမယ့်သီချင်းမျိုးနားထောင်တာ၊ ဘုရားရှိခိုးတာစတာမျိုးတွေပါပါတယ်။ တစ်ဦးနဲ့တစ်ဦး ကတော့ ကိုယ့်ဘဝနေထိုင်မှုပုံစံရယ်၊ ကိုယ်လိုချင်တာရယ်ကွဲပြားတဲ့အတွက် ဘာတွေလုပ်လဲဆိုတာတော့ လူတစ်ဦးချင်းစီနဲ့ဆိုင်ပါတယ်။

စိမ်းကတော့ တစ်နေ့လုံး energy ကောင်းနေဖို့ရယ်၊ လူတွေကိုကူညီရတဲ့သူမို့ ကိုယ့်စိတ်အေးချမ်းပြီးရှင်းနေဖို့ရယ် ရည်ရွယ်ပြီး မနက် (၅)ခွဲဆိုထပြီး ဘုရားမျက်နှာသစ်တော်ရေ သောက်တော်ရေကပ် အာရုံဆွမ်းကပ်တာ၊နာရီဝက်တရားထိုင်တာ၊ ဘုရားရှိခိုးပြီးရွတ်ဖတ် အမျှဝေ မေတ္တာပို့တာ၊ အိမ်ထဲမှာပဲ ၁၅မိနစ်လောက်ပတ်ပြီးလမ်းလျှောက်တာ၊ ကိုယ့်ဘဝမှာရနေတဲ့အရာတွေကိုကျေးဇူးတင်တာ(Gratitude )၊ကိုယ်တစ်နေ့တာအတွက်ဖြစ်ချင်တာတွေကို ကြိုပြီးကျေးဇူးတင်တာ(Visualizing)၊ ကိုယ်ကြိုက်တဲ့ Affirmation တွေရွတ်တာမျိုးလုပ်ပါတယ်။

စိမ်းလေ့လာကြည့်တဲ့အခါမှာ ကမ္ဘာပေါ်က လူသိများသူ အောင်မြင်သူတော်တော်များများမှာ ရည်ရွယ်ချက်တစ်ခုနဲ့ သူတို့မနက်တိုင်းပုံမှန်လုပ်တဲ့ Morning ritual တွေရှိပါတယ်။
အမေရိကန် သမ္မတဟောင်း အိုဘာမားဆို မနက်(၅)နာရီကစပြီး လေ့ကျင့်ခန်းလုပ်၊ မနက်စာစားရင်ရေကိုများများသောက်၊ ပြီးရင် သတင်းစာဖတ်၊ အားကစား Channel ကြည့်တာမျိုး၊ အော်ပရာ ဝင်းဖရေး (Oprah Winfrey)ဆို မနက်တိုင်း မိနစ်၂၀ တရားထိုင်၊ ၁၅မိနစ် ပြေးစက်ပေါ်ပြေး၊ သီချင်းနားထောင်ရင်း သူစားချင်တဲ့ပုံစံ မနက်စာပြင်တာမျိုး၊ ကမ္ဘာကျော် Success Coach ဖြစ်တဲ့ တော်နီရော်ဘင် (Tony Robbins ) ဆို မနက်တိုင်း မိနစ် (၂၀)လောက်တရားထိုင်၊ Gratitude (ကျေးဇူးတင်တာ) ရွတ်၊ ကိုယ်ဖြစ်ချင်တာတွေကိုကြိုမြင်ပြီးခံစားတာ ( visualization) လုပ်တာ စတဲ့ မနက်တိုင်းရည်ရွယ်ပြီးကို ပုံမှန်လုပ်တဲ့ morning ritual ကိုယ်စီရှိပါတယ်။

Morning ritual က လူတစ်ယောက်ရဲ့ဘဝအတွက် Power ရှိပါတယ်။ Morning Ritual စလုပ်မယ်ဆိုရင်
✅ ကိုယ်နေ့တိုင်းလုပ်နိုင်မယ့်အချိန်နည်းနည်းကစလုပ်ပါ။
✅ မနက်ပိုင်းမှာနေ့တိုင်းဘာလုပ်မှာလဲရွေးပါ။
✅ မနက်ဘယ်အချိန်စပြီးဘယ်အချိန်အပြီးလုပ်မှာလဲဆုံးဖြတ်ပါ။
✅ ရက်နည်းနည်းကနေစလုပ်ကြည့်ပါ (ဥပမာ ၅ရက်အရင်ဆုံးလုပ်ကြည့်တာမျိုး)
✅ နေ့တိုင်းမပျက်မကွက် ပုံမှန်လုပ်ပါ။ (ခရီးသွားတာမျိုး၊ ပိတ်ရက်မျိုးလည်း မပျက်ရင်ပိုကောင်းပါတယ်)
သူကအချိန်တွေအများကြီးလည်းပေးစရာမလိုပါဘူး။ တစ်ခုပြီးတစ်ခုလည်း အများကြီးလုပ်စရာမလိုပါဘူး။ ကိုယ့်အတွက်အဆင်ပြေမယ့် အကျိုးရှိမယ့် သုံးလေးခုကိုနေ့တိုင်းပုံမှန်လုပ်တာမျိုးပါ။

Morning Ritual က တစ်နေ့တာရဲ့ energy နဲ့ ကောင်းတဲ့ခံစားချက်တွေအတွက် အရမ်းအကျိုးရှိပါတယ်။ ခုစာကိုဖတ်နေတဲ့သူတွေအနေနဲ့ ကိုယ်ရဲ့တစ်နေ့တာအတွက် မနက်တိုင်း ပုံမှန်လုပ်နေတာမျိုးတွေရှိရင် comment မှာ ပြောခဲ့ပေးပါဦးနော်။

ဒီစာလေးကို အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ မျှဝေပေးပါဦးနော်…

24th September 2020
💚With all my Love & Energy 💚
Dr Seinn
Life Coach & Trainer