Feature Articles

Rule No.11 : Everything has strength and weakness

ကိုယ့်ရဲ့ဘဝမှာ တစ်ခုခုရွေးချယ်ရမယ်၊ လုပ်ရမယ်ဆို ဘယ်ဟာပိုကောင်းမလဲ .. ငါရွေးလိုက်တာ မှားသွားလား… ငါမရွေးလိုက်တဲ့ ကိစ္စက ပိုများကောင်းနေမလား ဆိုပြီး တွေးဖူးပါသလား ?????

Universal RuleNo11: Everything has strength and weakness
(ဘယ်အရာမဆို အကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ)

စိမ်းခု ဒီpostကို လေယာဉ်စီးရင်းရေးနေတာပါ။ ပိတ်ရက် (၄)ရက်ဆိုတော့ ပုဂံကို Family Trip သွားဖြစ်ပြီး ခုလက်ရှိ လေယာဉ်ပေါ်မှာပါ။ အခုသွားမယ့်နေရာကို ကားနဲ့လည်း သွားလို့ရသလို လေယာဉ်နဲ့လည်းသွားလို့ရပါတယ်။

လေယာဉ်နဲ့ သွားတာပိုကောင်းလား?
ကားနဲ့သွားတာပိုကောင်းလား?ဆိုရင် ဘယ်လိုတွေးမိကြပါသလဲ။ အမှန်တော့ (၂)ခုလုံးမှာ အားသာချက်၊အားနည်းချက်ရှိပါတယ်။

လေယာဉ်နဲ့သွားတဲ့အတွက် (၁) နာရီလောက်နဲ့ရောက်မယ်။ လူသက်သာတယ်။ ဒါကောင်းတဲ့အချက်ပါ။ ဒါပေမယ့် လေယာဉ်ဆိုတာ တစ်ခုခုဆိုရင် ကားထက် Risk ပိုများပါတယ်။ လေထဲမှာ ကားလို ဘရိတ်နင်းပြီး ခဏရပ်ထားလို့မရပါဘူး။ ပြီးတော့ air ticket က ကားထက် အများကြီး ပိုက်ဆံပိုကုန်ပါတယ်။ ရာသီဥတုအပြောင်းအလဲက ကားနဲ့သွားတဲ့ခရီးအတွက် အကျိုး သက်ရောက်မှု သိပ်မရှိပေမယ့် လေယာဉ်ခရီးစဉ်အတွက် အများကြီး အကျိုးသက်ရောက်ပါတယ်။

အဲ့ဒါဆို ကားနဲသွားရင်ရော ။ လေယာဉ်နဲ့ဆို (၁) နာရီလောက်နဲ့ရောက်မယ့်ခရီးကို တစ်နေကုန်စီးရမယ်။ လူပိုပင်ပန်းမယ်။ လေယာဉ်ထက်တော့ အကုန်အကျသက်သာမယ် ။ Risk ပိုနည်းမယ်။

အလားတူပဲ တစ်နေရာရာသွားလို့ အပေါ်တက်ရတဲ့အခါ ( shopping mall တို့ ဘုရားရင်ပြင်တို့) မှာလည်း lift နဲ့တက်ရင်မြန်မြန်ရောက်ပေမယ့် လှေကားနဲ့တက်တာထက် risk ပိုများမယ်။ မီးပျက်တာ၊ စက်ပျက်တာမျိုးဆို ခဏပိတ်မိနေမယ်။ လှေကားနဲ့တက်ရင် ခုန lift လို မီးပျက်လို့ ရပ်သွားတာမျိုးမရှိနိုင်ဘူး။ ဒါပေမယ့် အချိန်ကြာမယ်။ လူပင်ပန်းမယ်။

လောကနိယာမအရ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ။ ဘယ်အရာမှ အကောင်းချည်းမရှိသလို ဘယ်အရာမှ အဆိုးချည်းမရှိပါဘူး။ Light side and Dark side ဆိုတာ အရာတိုင်းမှာ ဟန်ချက်ညီညီ balance ဖြစ်ဖြစ်ရှိပါတယ်။

နေ့/ည ၊ အဆိုး/အကောင်း ၊ ပျော်တာ/ဝမ်းနည်းတာ ၊ အလင်း/ အမှောင်၊ ယောက်ကျား/ မိန်းမ ၊ အကြီး/အသေး၊ အချစ်/အမုန်း ၊ အဖြူ/အမည်း၊ ကျရှုံးမှု / အောင်မြင်မှု စသဖြင့် ဘယ်အရာမဆို လောကနိယာမအတိုင်း မျှတစွာရှိပြီးသားပါ။

အဲ့ဒီတော့ ကိုယ့်ဘဝမှာ ဘယ်လမ်းသွားရမလဲ?ဘာအလုပ်လုပ်ရမလဲ? ဘယ်သူ့ကိုချစ်သူ/အိမ်ထောင်ဖက်ရွေးရမလဲ? ဘာကိုပဲတွေးတွေး အ​ကောင်းအဆိုး ဒွန်တွဲနေမှာပါ။ အဲ့အကောင်းအဆိုးတွေကို သေချာစဉ်းစားပြီး ကိုယ့်ဘဝအတွက် ပိုအဆင်ပြေမယ့် လမ်းကိုသာ ရွေးချယ်ရမှာပါ။

ကောင်းမယ်ထင်လို့ ရွေးချယ်ခဲ့တဲ့အရာတွေအတွက် အဲ့ဒီအရာတွေရဲ့ကိုယ်မကြိုက်တဲ့ အဆိုးဘက်အခြမ်းကိုလည်း ခံနိုင်ရည်ရှိအောင် အရှိအတိုင်းလက်ခံနိုင်တဲ့ စိတ်ကိုပြင်ဆင်ထားဖို့လိုသလို အဆိုးတွေ အပြစ်တွေချည်းမြင်မနေဘဲ အကောင်းကိုရှာဖွေကျေးဇူးတင်တတ်တဲ့ Attitude of gratitude ကလည်း ဘဝမှာနေပျော်ဖို့ အင်မတန်အရေးကြီးပါတယ်။

ခုန အပေါ်ကို တက်တဲ့ဥပမာမှာ လှေကားတက်တာကို ရွေးချယ်ပြီးပြီဆို လှေကားတက်မိလို့ lift နဲ့သွားတာထက်အချိန်ပိုကြာတာ လူပိုပင်ပန်းတာကို စိတ်ညစ်တယ်လုပ်လို့မရပါဘူး။ ကိုယ်က လှေကားနဲ့သွားဖို့ ရွေးခဲ့ပြီးပြီပဲ။

ဓာတ်လှေကားထဲလိုပိတ်မိနေတဲ့ risk နည်းတယ် ဆိုပြီး ရွေးခဲ့ပြီးမှ ငါတော့ ဒီလိုမှန်းသိ မတက်ပါဘူး..ပင်ပန်းတာ..မှားလိုက်လေခြင်းဆိုပြီး တွေးနေသ၍ အဆင်ပြေနေမှာမဟုတ်ပါဘူး။ လှေကားနဲ့သွားဖို့ ရွေးချယ်မိတဲ့အတွက် steps တွေများလို့ ကျန်းမာရေးပိုကောင်းတယ်ဆိုပြီး အကောင်းဘက်ကို မြင်အောင်ကြည့်၊ ကျေးဇူးတင်တတ်ဖို့လိုပါတယ်။

လောကနိယာမအရ Universe ထဲကရှိသမျှအရာအားလုံးဟာ အကောင်းနဲ့အဆိုး၊ အားသာချက်အားနည်းချက် ဒွန်တွဲနေမှာပါပဲ။

ကိုယ့်ဘဝမှာ ဘာကိုပဲရွေးရွေး အကောင်းအဆိုးမျှနေမှာပဲဆိုတာရယ် ကိုယ်ရွေးပြီးသားအရာတွေအတွက် ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် သူများကိုဖြစ်စေ၊ ကိုယ့်ကိုယ်ကိုဖြစ်စေ အပြစ်တွေအဆိုးတွေကိုမြင်နေမယ့်အစား အကောင်းကိုရှာပြီးကျေးဇူးတင်တတ်တဲ့ Attitude of gratitude ရှိမှသာ ရှေ့ဆက်ရမယ့် ဘဝတလျှောက် Negative energy တွေနည်းပြီး Positive energy တွေ ပိုများလာတဲ့ ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

ဒီပို့စ်လေးက အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်… 💚💚