Feature Articles

Guilty ဖြစ်တဲ့ ခံစားချက်တွေ

ဖြစ်နေတဲ့အခြေအနေအပေါ်မှာ တခါတလေ ငါကဘာမှလည်း သေချာမလုပ်ပေးနိုင်ဘူး၊ သူများတွေလောက် အားမထည့်နိုင်ဘူး၊ တာဝန်မကျေဘူးဆိုပြီး ကိုယ့်ကိုယ်ကို အသုံးမဝင်သလိုခံစားရတာ ၊ အပြစ်မကင်းသလိုခံစားရတာ ၊ guilty ဖြစ်နေတာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ခုအချိန် အဲ့လို ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ guilty ဖြစ်တဲ့ ခံစားချက်တွေများလာတာတွေ့လာလို့ စိမ်း ဒီ post လေးကို တရားသဘောနဲ့ပါယှဉ်ပြီးရေးပေးပါရစေ။ လောကနိယာမမှာ cause and effect ဆိုတဲ့ အကြောင်းနဲ့အကျိုးဆိုတာရှိသလို တရားသဘောအရလည်း အကျိုးဖြစ်ပေါ်စေလာတဲ့ အကြောင်းအရင်းခံရှိပါတယ်။ လောကကြီးမှာ အားလုံးဟာ တိုက်ဆိုင်တယ်ဆိုတာမရှိပါဘူး။ လူတိုင်းဟာ လူလာဖြစ်ရတဲ့ လူ့ဘဝရောက်လာရတဲ့ အကြောင်းတရားတွေမတူပါဘူး။ လူတစ်ဦးချင်းရဲ့ အရည်အချင်း ၊ ဥာဏ်ရည်၊ ကျွမ်းကျင်မှုတွေဟာ ထပ်တူထပ်မျှမကျနိုင်သလိူ အတိတ်ဘဝကပါလာတဲ့ အထုံ၊ ပါရမီတွေဟာလည်း မတူနိုင်ပါဘူး။ ၂၀၁၆ အောက်တိုဘာမှာ ၁၅ရက်ကြာပြီး အိပ်ချိန်ကလွဲ မနက် ၃ နာရီကနေ ညအထိ တစ်နေ့လုံး တရားအလုပ်ပဲလုပ်ရတဲ့ အောင်သုခ တရားစခန်းဝင်ခဲ့ပါတယ်။ သမထာယာနိကဆိုတဲ့ သမထကိုအခြေခံပြီး ဝိပဿနာဥာဏ်ရှုတဲ့ လေ့ကျင့်နည်းဖြစ်လို့ ပထမ၄ ရက်မှာ သမထသင်ခန်းစာတွေလုပ်ရပါတယ်။ အဲ့သင်ခန်းစာတွေ pass ဖြစ်မှ ၅ရက်မြောက်မနက်မှာ ဝိပဿနာစမှတ်ရပါတယ်။ သမထသင်ခန်းစာတွေဟာ စိတ်စွမ်းအားနဲ့ သမာဓိအရမ်းလိုပါတယ်။ ဘဝမှာ အဲ့အချိန်အထိ သမထသင်ခန်းစာတွေ တစ်ခါမှမလုပ်ဖူးတဲ့ စိမ်းဟာ ပုံမှန် ၄ရက်လုပ်ရတဲ့ သင်ခန်းစာတွေအားလုံးကို ၂ရက်မြောက်ညမှာတင် pass ဖြစ်ပြီး ဝိပဿနာတက်ခွင့်ရပါတယ်။ တရားပြဆရာကျေးဇူးရှင် ဘုန်းဘုန်းက တရားလျှောက်တော့ မိန့်ပါတယ် “ဒကာမလေးဟာ အတိတ်ကပါလာတဲ့ပါရမီရော ဒီဘဝရဲ့ ဥာဏ်ရည်ရောကြောင့် ဒီ၁၅ ရက်ကို သေချာကြိုးစားပါ” တဲ့။ ဘဝပေါင်းများစွာသမထနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ခဲ့လို့ ဒီဘဝမှာလည်း ဝိပဿနာခရီးကို သမထနဲ့စတဲ့အခါ ခရီးရောက်တယ်လို့ပဲသုံးသပ်လို့ရပါတယ်။ တရားမှတ်တာ နည်းလမ်းပေါင်းစုံရှိတာကိုး။ ဒီအကြောင်းတွေကို အများကိုပြောလေ့ပြောထမရှိပေမယ့် ခုအချိန် လိုအပ်လာလို့ကို ပြောရတာပါ။ ဆိုလိုချင်တာ လူတိုင်းဟာ အတိတ်ဘဝပေါင်းများစွာမှာ အကြိမ်ကြိမ်အဖန်ဖန်ကျင်လည်ရင်း လုပ်လာတဲ့ အလုပ်တွေမတူပါဘူး။ အဲ့လိုခဏခဏ ဘဝပေါင်းများစွာလုပ်လာတဲ့ အလုပ်တွေဟာ ကျွမ်းကျင်လာပြီး ခုလူ့ဘဝမှာလည်း လောကကြီးအတွက် ကျရာနေရာ ယူရပါတယ်။ ဆေးကုတဲ့သူ၊ စာသင်တဲ့သူ၊ အင်ဂျင်နီယာ၊ စျေးရောင်းသူ၊ စာရင်းအင်း၊ စီးပွါးရေးသမား၊ ဗေဒင်ပညာရှင်၊ ဓမ္မဆရာ စသည်ဖြင့် ဒီဘဝမှာလာဖြစ်တာ ကျွမ်းကျင်ရာနယ်ပယ်တွေမတူကြတာ ဒီဘဝဥာဏ်ကြောင့်တင်မဟုတ် ရှေးဘဝပေါင်းများစွာက အထုံတွေပါပါတယ်။ သူ့နေရာနဲ့သူ လောကကြီးအတွက် အခြေအနေတစ်ခုအတွက် အသုံးဝင်သူချည်းပါပဲ။ ဟင်းတစ်ခွက်ချက်သလိုပေါ့။ အသား/ငါးလိုသလို ကြက်သွန်ဖြူ/နီ ၊ ငရုတ်သီးမှုန့်၊ ဆီ၊ ဆား၊ နနွင်း၊ မဆလာ၊ မီး ၊ ထည့်ချက်မယ့်အိုး ၊ မွှေရမယ့်ဇွန်း အကုန်လိုတာပါပဲ။ ကိုယ်ကအသား/ငါးနေရာဖြစ်မနေလည်း ဟင်းတစ်ခွက်ဖြစ်ဖို့ တထောင့်တနေရာကနေ အလုပ်လုပ်ရင်ရပါပြီ။ နောက်ပြီး ကိုယ့်ဘာသာ အပြစ်မကင်းသလိုဖြစ်တဲ့ guilt ဆိုတဲ့ ခံစားချက်ဟာ energy and frequency သဘောအရလည်း အောက်ဆုံးအနိမ့်ဆုံးမှာရှိလို့ ကောင်းမနေပါဘူး။ အဲ့လိုစိတ်တွေများလာရင် ကိုယ့်ရဲ့ဘောင်အတွင်းကနေ တတ်နိုင်သလောက်လုပ်နေတာတွေအပေါ်မှာ ကိုယ့်ကိုယ်ကို ကျေးဇူးတင်အကောင်းမြင်စိတ် (Attitude of gratitude) လျော့သွားနိုင်ပါတယ်…ကိုယ့်အတိုင်းအတာ အနေအထားနဲ့ ကိုယ်လုပ်နိုင်တဲ့အလုပ်ကို စေတနာအပြည့်ထားပြီး ကိုယ်ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းအတွက်လုပ်နေတယ်ဆိုတာ ကိုယ်သိရင် ကိုယ့်ဘာသာနှလုံးသွင်းနိုင်ရင်ကို ရပါပြီ။

💚With All my Love & Energy 💚

Dr SeinnLife Coach and Trainer

Photo : Pinterest